အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ(၁၉)။

လူငယ်များ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကကျပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးကဏ္ဍကို တိုးတက်အောင် မြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရည်မြင့်မားရေးသည် အဓိကအရေးပါသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များကို အတွေးအခေါ်မှန်ကန်ပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်မည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာဦးစီးဌာနကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ချမှတ်ခဲ့ရာတွင် လူမှုရေးဦးတည်ချက်တွင် ပါဝင်သည့် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှာ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်အတိုင်း အနာဂတ်နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်များ မွေးထုတ်ပေးရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရန်လိုကြောင်း၊ နိုင်ငံတော်က အားထားရသည့် လူငယ်များဖြစ်လာစေရန်အတွက် ပညာရေးကိုအခြေခံပြီး ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ်လာစေရန် အာလုံးပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ လိုအပ်သည့်အတွက် ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီမြင့်မားလာစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သလို လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထား အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒတွင်ပါဝင်သည့် အဓိကကဏ္ဍ(၁၆)ရပ်ကို အကောင်အထည်ဖော်ရာတွင် ဦးဆောင်ဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပေါင်းစပ်ပြီး လူငယ်များ၏ ပူးပေါင်းပါဝင်မှုဖြင့် သက်ဆိုင်ရာပြည်သူလူထုနှင့် လက်တွဲကာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်လူရွယ်များသည် တိုင်းပြည်၏ အဖိုးတန်ရတနာများ ဖြစ်သည့်အတွက် နိုင်ငံတိုင်းတွင် လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း “ပညာပြည့်ဝ နှလုံးလှသည့် လူငယ်များ၏ အားကသာ နိုင်ငံတော်ကို စစ်မှန်သည့် အကျိုး ဖြစ်ထွန်းစေခြင်းကြောင့် မောင်တို့ မယ်တို့သည် ပညာပြည့်ဝနှလုံးလှသည့် လူငယ်များဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ စာအုပ်စာပေများလေ့လာဖတ်ရှုမှတ်သားခြင်းဖြင့် မှန်ကန်သည့် အသိအမြင်၊ အတွေးအခေါ်နှင့် ဉာဏ်ပညာများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပညာရေးသည် အရေးကြီးသည့်အတွက် ကိုယ်လက်လှုပ်ရှားအားကစားကို ပြုလုပ်သွားကြရန်နှင့် ကျန်းမာသန်စွမ်းပြီး ထက်မြက်သည့် ကာယအား၊ ဉာဏအားများဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ကျရာအခန်းကဏ္ဍ၌ ပါဝင်၍ ကြိုးစားဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းမှာကြားလိုကြောင်းနှင့် ရည်မှန်းချက်စိတ်ကူးများဖြင့် ပညာရပ်များကို သင်ယူ၍ အနာဂတ်ကို ဦးဆောင်နိုင်သည့် လူငယ် မောင်မယ်များဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လူငယ်များသည် နောင်တချိန်တွင် တိုင်းပြည်တာဝန်ကို ကျရာကဏ္ဍအသီးသီးမှာ ပခုံးပြောင်း တာဝန်ယူထမ်းဆောင်ကြရမည်ဖြစ်သည့်အတွက် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားရန်လိုကြောင်း၊ အတွေးအခေါ၊ အယူအဆကောင်းမွန်ပြီး တီထွင်ဖန်တီးနိုင်သည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပေါ်ထွက်လာမှသာလျှင် စီမံခန့်ခွဲမှုကောင်းသည့် ခေါင်းဆောင်ကောင်းများစွာ ပေါ်ထွက်လာပြီး တိုင်းပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီ အနေဖြင့်လည်း ကျောင်းသား/ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး အသိဉာဏ်ပညာ ရင့်သန်၍ ဗလငါးတန်နှင့် ပြည့်စုံစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ Nay Pyi Taw State Academy၊ ရေဆင်းတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ပေးခဲ့ပါကြောင်း၊ ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် မိမိတို့ သင်ကြားနေသည့် ကျောင်းစာအပြင် IT ပညာရပ်များနှင့် အင်္ဂလိပ်စာအပြင် နိုင်ငံတကာဘာသာစကားများကိုလည်း အမြဲတမ်း လေ့လာဆည်းပူးသွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာမ တင်ရီမ (ညောင်ဦး)က “ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နေပြည်တော်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ လူငယ်နှင့်ကျန်းမာရေး ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောပို့ချခဲ့ပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားသမား လူငယ်များက Fitness Dance ၊ ဗိုဗီနမ်နှင့် ဂျူဒိုအားကစားနည်းများကို သရုပ်ပြသခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ နည်းပညာကောလိပ် ကျောင်းအုပ်ကြီး ဦးမင်းမင်းထွန်းနှင့် နေပြည်တော်အခြေခံပညာဦးစီးဌာန တိုင်းပညာရေးမှူး ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်တို့က လက်ခံခဲ့ပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သရုပ်ပြအားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ နေပြည်တော်ကောင်စီလူငယ်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စာရေးဆရာမ တင်ရီမ(ညောင်ဦး)နှင့် ဒေါက်တာသန်းနိုင်စိုးတို့အား ဂုဏ်ပြု ချီးမြှင့်ငွေများအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော် ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခချုပ်များနှင့် ဆရာ/ ဆရာမများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူ အင်အားစုစုပေါင်း (၄၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။