အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာ(၁၁)။

အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ (Gold Medal Hall)၌ ကျင်းပသည်။

အစည်းအဝေး၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ အလေးမအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ပြည်နယ်နှင့်တိုင်း ဒေသကြီးအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်ပြိုင်ပွဲတွင် ကယားပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိပါကြောင်း၊ အလေးမအားကစားနည်းသည် ရွှေတံဆိပ်ဆုရရှိသည့် အားကစားနည်းတစ်ခုဖြစ်ပြီး အိုလံပစ်အားကစားနည်းတွင်ပါဝင်သည့် အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်အသင်းအချို့တွင် သတ်မှတ်ဦးရေ အပြည့်အဝ ပါဝင်ယှဉ်ပြိုင် နိုင်ခြင်းမရှိသည်ကို တွေ့ရှိရသည့်အတွက် နောက်နှစ်များတွင် သတ်မှတ်ဦးရေအတိုင်း အင်အားအပြည့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး တာဝန်ရှိသူများမှ ကြိုးစားအားထုတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် အရည်အချင်းရှိပြီး အလားအလာရှိသည့် အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အုပ်ချုပ်သူ/နည်းပြများမှ စည်းရုံးဆောင်ရွက် သွားရန်လိုကြောင်း၊ နည်းပြနှင့် အားကစားအထောက်အကူပြုပစ္စည်းများ အခက်အခဲရှိပါက ဝန်ကြီးဌာနမှ ထောက်ပံ့ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိအားကစားသမားများ တားမြစ်ဆေးဝါးသုံးစွဲခြင်းများမပြုလုပ်ကြရန် တာဝန်ရှိသူများမှ ဂရုတစိုက်ကြပ်မတ် ဆောင်ရွက်သွားကြရန်၊ ပြိုင်ပွဲတွင် မိမိတို့အသင်းအောင်နိုင်ရေးအတွက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းနှင့်မကိုက်ညီသည့် အားကစားသမားများကို ခေါ်ဆောင်လာသည့် ပြိုင်ပွဲဝင်အသင်းများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကာလအတွင်း အားကစားသမားများ သွားလာနေထိုင်စားသောက်ရာတွင် အဆင်ပြေမှုရှိစေရေးနှင့် ထိခိုက်ဒဏ်ရာမရရှိစေရေး နည်းပြများမှ အနီးကပ် ကြပ်မတ်ထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုကြောင်း၊ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ ကျန်းမာရေးပြဿနာများရှိပါက အားကစားဆေးဘက်ဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူးထံ သတင်းပို့တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားလေ့ကျင့်ရေးစခန်းတွင် တည်းခိုနေထိုင်စဉ်ကာလအတွင်း သတ်မှတ် စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာလအတွင်း အခက်အခဲများနှင့် လိုအပ်ချက်များရှိပါက တာဝန်ရှိသူများထံတင်ပြပြီး မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒိုင်/ဂျူရီများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်အညီ မှန်ကန်တိကျစွာ အမှတ်ပေးဆုံးဖြတ် ဆောင်ရွက်သွားကြရန်၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၏ အချက်အလက်များကောက်ခံရာတွင် မှန်ကန်တိကျစွာ စာရင်းပေးသွင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ယခုအလေးမပြိုင်ပွဲတွင် ဆုကြေးငွေအဖြစ် ပထမဆု ကျပ်(၁) သိန်း၊ ဒုတိယဆု ကျပ်(၇)သောင်း၊ တတိယဆု ကျပ်(၅)သောင်းနှင့် အကောင်းဆုံးအားကစား သမားဆုအတွက် တစ်ဆုလျင် ကျပ်(၁)သိန်းနှုန်းဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဆုရရှိသည့် အားကစားသမားများအား ဆုတံဆိပ်၊ ဆုဖလားများအပြင် ဆုကြေးငွေများကိုလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး၊ အကောင်းဆုံးအားကစားသမားဆု၊ အမျိုးသားတံခွန်စိုက်ဒိုင်း၊ အမျိုးသမီး တံခွန်စိုက်ဒိုင်းနှင့် စုပေါင်းတံခွန်စိုက်ဒိုင်းများလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ စားသောက်တည်းခိုနေထိုင်ရေးနှင့် မော်တော်ယာဉ်(ကြို/ပို့)ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို စက်တင်ဘာလ (၁၂)ရက်နေ့ မှ (၁၆)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၃)သင်း၊ အမျိုးသမီးအသင်း(၁၁)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း(၁၇၂)ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။