(၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ထွက်ခွာ
ရန်ကုန်၊ မေလ (၃၁)ရက် ။
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ဇွန်( ၃ )ရက်မှ ( ၉ )ရက်ထိ ကျင်းပမည့် (၁၂)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယနေ့မွန်းလွဲ (၁၂)နာရီ (၄၀)မိနစ်က ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းလိုင်း (စင်းလုံးငှား)လေယာဉ်အမှတ် UB-7011 ဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
အဆိုပါ ပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချူပ် လှမိုးနှင့်အတူ ဖိတ်ကြားခံပုဂ္ဂိုလ်(၄)ဦး၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ငွေ၊ ကြေး စီမံခန့်ခွဲရေးဌာန ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့် ဦးဆောင်သော နည်းပြ/ အုပ်ချုပ်သူများ ၊ ဒိုင်လူကြီးများ နှင့် မသန်းစွမ်းအားကစားသမားများ စုစုပေါင်း (၁၂၆) ဦး လိုက်ပါသွားကြသည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစား အဖွဲ့အနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊ Goalball(မျက်မမြင်) ၊ အလေးမ၊ စစ်တုရင်၊ စားပွဲတင်တင်းနစ် ၊ ထိုင်လျက်ဘော်လီဘော စသည့် အားကစားနည်း (၈)နည်း ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။




