ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ကြောင့် ရခိုင်ပြည်နယ်အတွင်း အားကစားကွင်း/အားကစားရုံ ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများသို့ ဆန်၊ ဆီနှင့် ထောက်ပံ့ငွေပေးအပ်
စစ်တွေ၊ မေ(၂၇)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ မေလ(၂၆)ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိပြီး ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် စစ်တွေမြို့ရှိ အားကစားကွင်း၊ အားကစားရုံများ ပျက်စီးဆုံးရှုံးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (စစ်တွေ)သို့ရောက်ရှိပြီး နှစ်ထပ်ကျောင်းအုပ်ချုပ်မှုရုံး၊ နှစ်ထပ်စာသင်ဆောင်၊ သုံးထပ်သင်တန်းသား/ သင်တန်းသူအိပ်ဆောင်များ၊ ထမင်းစားဆောင်၊ အားကစားလေ့ကျင့်ရေးရုံများ၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုများကိုလိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ထမင်းစားဆောင်တွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးများကို ပြင်ဆင်နိုင်ရန်နှင့် ဝန်ထမ်းများကို အားပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြင်ဆင်မှုများကို မိုးမကျမီ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ ဝန်ထမ်းများ အဆင်ပြေစွာလုပ်ငန်းဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ဝမ်းရောဂါအပါအဝင် နောက်ဆက်တွဲရောဂါများမဖြစ်ပွားစေရေး ဂရုစိုက်ကြရန်၊ ပျက်စီးမှုများကိုတတ်နိုင်သမျှရှင်းလင်း သိမ်းဆည်းကြရန်၊ လုံခြုံရေးဂရုပြုနေထိုင်ကြရန်၊ အချင်းချင်းမိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးစွာနေထိုင်လုပ်ကိုင်ကြရန် မှာကြားပြီး ဝန်ထမ်း(၆၇)ဦးကို ထောက်ပံ့ငွေတစ်ဦးလျှင် ကျပ်တစ်သိန်းစီပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့၊ ဝေသာလီအားကစားရုံ၊ အားကစားသမားအိပ်ဆောင်၊ ထမင်းစားဆောင်၊ ဝန်ထမ်းအိမ်ရာပျက်စီးမှုများ၊ ဓညဝတီအားကစားကွင်း၊ စစ်တွေခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ ဝန်ထမ်းအိပ်ရာပျက်စီးမှုများနှင့် ဓညဝတီအားကစားရုံ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ အားကစားသမားအိပ်ဆောင်၊ GYM လေ့ကျင့်ရေးခန်းမ ပျက်စီးမှုများကိုလိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်နှင့် စစ်တွေမြို့နယ်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများကိုတွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်း (၂၉)ဦးကို တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်တစ်သိန်းစီပေးအပ်ခဲ့သည်။
မေလ(၂၇)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများ၊ အားကစားကွင်း၊ အားကစားရုံများကို ဦးစားပေးအလိုက် အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားပြီး နေ့လယ်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ (စစ်တွေ) ၌ ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ စစ်တွေမြို့နယ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ)မှ ဝန်ထမ်းများကို ထပ်မံတွေ့ဆုံ၍ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် စိတ်ဓာတ်မကျရန် ပြင်ဆင်တည်ဆောက်မှုများကို အမြန်ဆုံးပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်၍ ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ကျန်းမာရေးဂရုပြုနေထိုင်ကြရန် အားပေးစကားပြောကြားပြီး (၂၄)ပြည်ဝင် ဆန်အိတ်(၈၀) အိတ်၊ ဆီ(၁၈၅)ဗူးနှင့် ပြည်နယ်အတွင်း လေဘေးဒဏ်ခံ ခရိုင်/မြို့နယ်များမှ ဝန်ထမ်း (၃၇)ဦးကို တစ်ဦးလျှင်ငွေကျပ်တစ်သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။




