(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပဏာမလက်ရွေးစင်ခြင်းလုံးအားကစားများအား အပြီးသတ်လူရွေးချယ်မှုပြုလုပ်
နေပြည်တော်၊ ဖေဖော်ဝါရီ (၁၆)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် ခြင်းလုံးအားကစားသမားများအား ပြိုင်ပွဲအသွင် ဆန်းစစ် အပြီးသတ်လူရွေးချယ်ခြင်းကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစာကွင်း Training Hall No(1) ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး၊ အာရှခြင်းလုံးအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတွင် (Joint Training) ပူးတွဲလာရောက်လေ့ကျင့်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ ခြင်းလုံးအားကစားအဖွဲ့မှ အုပ်ချုပ်/နည်းပြနှင့် အားကစားသမားများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ပြိုင်ပွဲအမျိုးအစား(Event) No-4 နှင့် No-3 ပြိုင်ပွဲတို့တွင် အားကစားသမား အမျိုးသား(၁၄)ဦး၊ အမျိုးသမီး (၁၄)ဦး စုစုပေါင်း(၂၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံခဲ့ကြသည်။
အဆိုပါအပြီးသတ်လူရွေးချယ်ခြင်းပြိုင်ပွဲကို (၁၇.၂.၂၀၂၃)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်မှစ၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစာကွင်း Training Hall No(1) ၌ ပြိုင်ပွဲအမျိုးအစား(Event) No-4 နှင့် No-2 ပြိုင်ပွဲတို့အား ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။


