အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တောင်ကြီး၊ဇွန်လ(၁၆)ရက်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲနှင့် ၂၀၂၂ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲဝင် အသင်းများအားကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်အခမ်းအနားကို (၁၆.၆.၂၀၂၂)ရက်နေ့ (၁၄:၀၀)အချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ယှဥ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် ၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင် ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အုပ်ချုပ်သူ/နည်းပြများ ၊ ပြိုင်ပွဲဝင်အားကစားသမားများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်နှင့်အညီ ယနေ့ကျင်းပပြုလုပ်တဲ့ ဂုဏ်ပြုပွဲအခမ်းအနားကတော့ ယခုလိုနိုင်ငံ့ဂုဏ်နဲ့ ပြည်နယ်ရဲ့ ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးကြတဲ့ အားကစားသမားအားလုံးရဲ့ စွမ်းဆောင်နိုင်မှုများကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ ယခုရရှိထားသည့်အောင်မြင်မှုတွင် ရပ်တန့်မနေဘဲ နောင်လာမည့်ပြိုင်ပွဲများမှာလည်း ယခုထက်ပိုမို အောင်မြင်အောင် စွမ်းဆောင်ပြီး ပြည်နယ်နှင့်နိုင်ငံရဲ့ဂုဏ်ကို အားကစားဖြင့် ဆထက်ထမ်းပိုးတိုး၍ မြှင့်တင်နိုင်ကြစေလိုပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်ရဲ့အားကစားအဆင့်အတန်းမြင့်မားလာစေရန်အတွက် ဘက်ပေါင်းစုံကနေ အမြဲတမ်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်တွေကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားတစ်ခုခုကို ကစားကြရန်လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင် အားကစားကွင်း / အားကစားရုံတွေ ပြည့်စုံစေရေးအတွက် တိုးချဲ့တည်ဆောက်ပေးလျက်ရှိပါကြောင်း ပြောကြားသွားကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှ ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ဗိုဗီနမ်အားကစားနည်းမှ ရွှေတံဆိပ်ဆုရ မောင်ဇော်ဇော်အား ဆုကြေးငွေကျပ်(၂၅)သိန်း ၊ ကြေးတံဆိပ်ဆုရ မဇင်မာခိုင်အား ဆုကြေးငွေကျပ်(၁၅)သိန်း ၊ ပြေးခုန်ပစ်အားကစားနည်း လမ်းလျှောက်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရ မဇင်မေထက်အား ဆုကြေးငွေကျပ် (၂၀)သိန်း ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရ မနန်းစုမြတ်စံအား ဆုကြေးငွေကျပ်(၁၅)သိန်း ၊ လှေလှော်အားကစားနည်းမှ ကြေးတံဆိပ်ဆုရှင် မစုစုလွင်အားဆုကြေးငွေကျပ်(၁၅)သိန်း တို့အား ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ပြိုင်ပွဲဝင်အသင်းများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးငွေကျပ် (၁၀၀) သိန်းတိတိအား ပေးအပ်လှူဒါန်းခဲ့ကာ ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်းများကိုယ်စား ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ လက်ခံရယူခဲ့ကြောင်းသိရပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး လ္ဘက်ရည်/အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် အားက စားသမားများနှင့် ၂၀၂၂ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုထောက်ပံ့ငွေကျပ် စုစုပေါင်း (၁၉၀) သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။