(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝူရှူးအားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခု ထပ်မံဆွတ်ခူးရရှိ
ဗီယက်နမ်၊ မေ(၁၅)။
ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝူရှူးအားကစားနည်း Nangun(နန်းကွန့်) တုတ်ရှည်ပြိုင်ပွဲ၌ မောင်သိန်းသန်းဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် စတုတ္ထမြောက် ရွှေတံဆိပ်ဆု ကို ထိုက်ထိုက်တန်တန်ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရွှေတံဆိပ်ဆုရှင် မောင်သိန်းသန်းဦးအား ဂုဏ်ပြုချီးမြှင့်ငွေ US $ 3000 ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ကိုယ်စားပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး နေ့လည်ပိုင်းပွဲစဉ်များအဖြစ် ဝူရှူး(ဆန်းဆို)ပြိုင်ပွဲများကို ဆက်လက် ကျင်းပရာ (60 kg) ပြိုင်ပွဲတွင် မစုလှိုင်ဝင်းမှ ငွေတံဆိပ် (၁) ခု၊ (52 kg) ပြိုင်ပွဲတွင် မချယ်ရီသန်းနှင့် (70 kg) ပြိုင်ပွဲတွင် မောင်မျိုးမင်းထက်တို့မှ ကြေးတံဆိပ်(၁) ခုစီကို လည်းကောင်း ဆုများအသီးသီးရရှိခဲ့ကြပါသည်။
ထို့နောက် ယနေ့ညနေပိုင်းတွင် Phu Tho မြို့ရှိ Viet Tri ဘောလုံးအားကစားကွင်း၌ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ် လည် ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ အင်ဒိုနီးရှားအသင်းကို (၁) ဂိုး (၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း၊ Cam Pha ဘောလုံး အားကစားကွင်း၌ အမျိုးသမီးဘောလုံး အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းမှ စင်္ကာပူအသင်းကို (၁) ဂိုး ဂိုး(မရှိ)ဖြင့် အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပါသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊ မြားပစ်၊ ဘိလိယက်၊ စစ်တုရင်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီးရိုက်၊ ဘော်လီဘော၊ ဝူရှူးနှင့် ကာယဗလကာယအလှ အားကစားပြိုင်ပွဲများကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်/နည်းပြများ၊ မြန်မာအားကစားအဖွဲ့များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၅)ခု နှင့် ကြေးတံဆိပ် (၉)ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ်(၁၈)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့်(၇) တွင် ရပ်တည်လျက်ရှိကြောင်း သတင်းရရှိပါသည်။





