(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ် အားကစားနည်းမှ ရွှေ(၁)ခု၊ ကြေး(၁)ခု၊ လက်ဝှေ့အားကစားနည်းမှ ငွေ(၁)ခု ထပ်မံဆွတ်ခူးရရှိ
ဗီယက်နမ်၊ မေ(၂၂)။
ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Soc Son အားက စားရုံ၌ ဗိုဗီနမ်အားကစားနည်းမှ Male Leg Attack Technique 04 Males,Each Performs 2 Legs Attack Technique (လေးယောက်တွဲ)အပြ ပွဲစဉ်၌ မောင်အောင်ခိုင်လင်း၊ မောင်ရာဇာထွန်း၊ မောင်ဟိန်းထက်အောင်နှင့် မောင်ကျော်သူစိုးအောင် တို့မှ (၉)ခုမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး၊ (60)ကီလိုတန်း(အတိုက်)ပွဲစဉ်၌ မရွှေသက်ထားမှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ Bac Ninh Gymnasium အားကစားရုံ၌ လက်ဝှေ့အားကစားနည်းမှ (-57) ကီလိုတန်းပွဲစဉ်၌ မောင်နိုင်လတ်မှ ငွေတံဆိပ်ဆုကိုလည်းကောင်း အသီးသီး ထပ်မံဆွတ်ခူးရရှိခဲ့ကြပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ Hanoi National Sport Training Centre အားကစားရုံ၌ ကျင်းပလျက်ရှိသည့် သေနတ်ပစ်အားကစားနည်းမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ Hanoi Sport Training Centre အားကစားရုံ၌ ကျင်းပလျက်ရှိသည့် အလေးမအားကစားနည်းမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ ညနေပိုင်းတွင် Bac Ninh Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့် လက်ဝှေ့အားကစားနည်းမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစား နေမှုကိုလည်းကောင်း၊ Soc Son Gymnasium အားက စားရုံ၌ ကျင်းပလျက်ရှိသည့် ဗိုဗီနမ်အားကစားနည်းမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများအား သွား ရောက် ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သေနတ်ပစ်၊ အလေးမ၊ ဂျူဒို၊ ဗိုဗီနမ်၊ လက်ဝှေ့ အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၁၈)ခု နှင့် ကြေးတံဆိပ် (၃၅)ခုတို့ ဆွတ်ခူးရရှိထားပြီး စုစုပေါင်းဆုတံဆိပ် (၆၂)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့်(၇)တွင် ရပ်တည်လျက်ရှိကြောင်း သတင်းရရှိပါသည်။




