၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ အဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ဇူလိုင်လ (၁၁)ရက်နေ့မှ (၁၈)ရက်နေ့ အထိ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဇုန် (၄)ဇုန်ခွဲ၍ ကျင်းပလျက်ရှိရာ သက်ဆိုင်ရာဇုန်များအလိုက် အားကစားကွင်းအသီးသီးတွင် အသင်းများ၏ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့မှုများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေး ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဘောလုံးအားကစားဝါသနာရှင် ပွဲကြည့် ပရိသတ်များက တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့မွန်းလွဲ (၃)နာရီမှ စတင်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အားကစားဥယျာဉ်ကွင်းတွင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဖက်စလုံး ဂိုးမရှိ သရေရလဒ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်း ဒေသကြီးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်အားကစား ကွင်းတွင် ကရင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီ သရေရလဒ်တို့ အသီးသီး ရရှိခဲ့ကြသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ(၁၈)ရက်နေ့ မွန်းလွဲ (၃)နာရီမှစတင်၍ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အားကစားဥယျာဉ်ကွင်းတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်အားကစားကွင်းတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ယခုလ(၂၁)ရက်နေ့မှ စတင်၍ အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်းနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့ပြီး ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကို အားကစားနည်းများအလိုက် ကျင်းပ ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။


