၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော်၊ မေ(၁၁)။
ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုး သမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့သည်။
ယနေ့ ဘော်လီဘော(အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မကွေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၃)ပွဲ(၁)ပွဲဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
၂၀၂၄ ခုနှစ်၊ မေလ(၁၂)ရက်နေ့တွင် ပြိုင်ပွဲ(၁)ရက်နားမည်ဖြစ်ပြီး မေလ(၁၃)ရက်နေ့ နံနက်(၈)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကယား ပြည်နယ်အသင်း၊ (အမျိုးသမီး)ကွာတားဖိုင်နယ် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် စစ်ကိုင်း တိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို “ အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။


