၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော်၊ ဩဂုတ် ၁၅။
ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ် အားကစားရုံ၌ ကျင်းပခဲ့သည်။
ယနေ့ အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ (အမျိုးသား)အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၂)ဂိုးဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၃)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို (၈)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ (အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အသင်းက ရခိုင်ပြည်နယ်အသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၃)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို (၄)ဂိုး ဂိုးမရှိဖြင့် အသီးသီး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့သည်။
ဩဂုတ်လ ၁၆ ရက်နေ့၊ နံနက် ၉ နာရီမှစတင်၍ ဖူဆယ်အားကစားရုံ၌ (အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မကွေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊ ကရင်ပြည်နယ်အသင်းနှင့်မွန်ပြည်နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ (အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အသင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ ဖူဆယ်အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။


