၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ (၂၇)။
ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် စာအုပ်စာစောင်များကို မြတ်နိုးတန်ဖိုးထား ဖတ်ရှုလိုစိတ်ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲကို ဒီဇင်ဘာလ(၂၆) ရက်နေ့မှ (၂၈)ရက်နေ့အထိ နေ့စဉ် နံနက် (၉)နာရီမှစတင်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ဝန်ကြီးဌာနအသီးသီးမှ ပြခန်းပေါင်း (၆၂)ခန်း ဖွင့်လှစ်ပြသထား လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း လူငယ်များ အားကစားကဏ္ဍနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတရရှိစေရန်၊ သိသင့်သိထိုက်သည်များကို သိရှိနိုင်စေရန်နှင့် လာရောက် လေ့လာနိုင်စေရန်အတွက် ပြခန်းတစ်ခန်း ဖွင့်လှစ်ပြသထားလျက်ရှိသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြခန်းတွင် လူငယ်များအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားသမားများကို လေးစားအတုယူအားကျလိုစိတ်နှင့် ကြိုးစားလိုစိတ်များဖြစ်ပေါ်လာစေရန်၊ ဗလ ငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့အကျိုးသယ်ပိုးထမ်းဆောင်နိုင်သည့် ခေါင်းဆောင်ကောင်းများဖြစ်လာနိုင်စေရန် ရည်ရွယ်၍ အရှေ့တောင်အာရှ၊ အာရှနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားသမားများ၏ ရုပ်တုများနှင့် မှတ်တမ်းဓါတ်ပုံများအား ခင်းကျင်းပြသထားလျက်ရှိရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်မိသားစုများ၊ ကျောင်းသား/ကျောင်းသူများ၊ လူငယ်များနှင့်ကလေးငယ်များ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။




