၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံအသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲ ကွာတားဖိုင်နယ်(ဒုတိယနေ့)ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ (၂၆)။
မြန်မာ့ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် ထူးချွန်ထက်မြက်သည့် ဘောလုံး အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်(ဒုတိယနေ့) ပွဲစဉ်များကို ယနေ့ညနေ(၃)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့သည်။
ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်(ဒုတိယနေ့) ပွဲစဉ်များအဖြစ် ညနေ(၃)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ညနေ(၅)နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်း ကို (၂)ဂိုး၊ (၁) ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲများသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲအား (၂၇.၁၂.၂၀၂၂) ရက်နေ့တွင် ပြိုင်ပွဲတစ်ရက်နားမည်ဖြစ်ပြီး ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ ညနေ(၅)နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ ဘောလုံးအားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။




