၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပြေးခုန်ပစ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ (၂)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပြေးခုန်ပစ် အပြေးပြိုင်ပွဲနှင့်အခုန်ပြိုင်ပွဲ ပွဲစဉ်များကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲမှ စတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌လည်းကောင်း၊ အပစ်ပြိုင်ပွဲများကို လေ့ကျင့်ရေးကွင်းအမှတ်(၁)၌လည်းကောင်း သတ်မှတ်နေရာများတွင် အသီးသီး ကျင်းပခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး (မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ မီတာ ၄၀၀ တန်းကျော်ပြေးပြိုင်ပွဲ၊ မီတာ ၂၀၀၊ မီတာ ၈၀၀၊ မီတာ ၅၀၀၀ အပြေးပြိုင်ပွဲ)၊ အမျိုးသား တုတ်ထောက်ခုန်ပြိုင်ပွဲ၊ အမျိုးသမီး အလျားခုန်ပြိုင်ပွဲ၊ အမျိုးသမီး(၇)မျိုးစုံ ပြိုင်ပွဲအနက် (အလျားခုန်၊ လှံတံပစ်၊ မီတာ ၈၀၀) လူရွေးပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အမျိုးသား/အမျိုးသမီး (မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲနှင့် အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ဆုရရှိကြသူများကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင်ကလည်းကောင်း၊ အမျိုးသား တန်းမြင့်ခုန်ပြိုင်ပွဲနှင့် အမျိုးသမီး မီတာ ၃၀၀၀ တားဆီးကျော်ပြိုင်ပွဲတွင် ဆုရရှိကြသူများကို မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသာအောင်ကလည်းကောင်း၊ အမျိုးသား မီတာ ၃၀၀၀ တားဆီးကျော်ပြိုင်ပွဲနှင့် အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲတွင် ဆုရရှိကြသူများကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်ဦးကလည်းကောင်း၊ အမျိုးသား/အမျိုးသမီး (မီတာ ၄၀၀ အပြေးပြိုင်ပွဲနှင့် မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲ)များတွင် ဆုရရှိကြသူများကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက လည်းကောင်း၊ အမျိုးသမီး (သံလုံးပစ်ပြိုင်ပွဲ၊ မီတာ ၈၀၀ အပြေးပြိုင်ပွဲ) အမျိုးသား (တုတ်ထောက်ခုန်ပြိုင်ပွဲ၊ (၁၀) မျိုးစုံပြိုင်ပွဲ၊ မီတာ ၈၀၀ အပြေးပြိုင်ပွဲ)များတွင် ဆုရရှိကြသူများကို မြန်မာ့လက်ရွေးစင်အားကစား သမားဟောင်းကြီးများနှင့် ကိုရီးယားနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် (KAAF) မှ (တာဝေး/တာလတ်) နည်းပြ Mr. Soon Young Kwon တို့ကလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဇန်နဝါရီလ (၃)ရက်နေ့၊ နံနက်(၆:၁၅)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ (အမျိုးသား/ အမျိုးသမီး) မာရသွန်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် မွန်းလွဲ (၂)နာရီခွဲတွင် အမျိုးသား/အမျိုးသမီး (လှံတံပစ်ပြိုင်ပွဲ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ မီတာ ၄၀၀ တန်းကျော်ပြေးပြိုင်ပွဲ၊ မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ)၊ အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား+အမျိုးသမီး မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသား သုံးဆင့်ခုန်ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။




