၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ (၂၉)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့သည်။
ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို (၇) ဂိုး၊ (၃)ဂိုးဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ဂုဏ်ပြုဆုငွေ ကျပ်(၅)သိန်းအားလည်းကောင်း၊ တတိယဆုရရှိသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က တစ်ဦးချင်း ဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေ ကျပ်(၁၀)သိန်းအားလည်းကောင်း၊ ဒုတိယဆုရရှိသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေ ကျပ်(၁၅)သိန်းအားလည်းကောင်း၊ ပထမဆုရရှိသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တစ်ဦးချင်းဆုဆွဲပြား၊ ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၂၀)နှင့် တံခွန်စိုက်ဆုဖလားအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက် ကြည့်ရှုအားပေးခဲ့သည်။၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ ကို ဒီဇင်ဘာလ(၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဝန်ကြီးဌာနအသီးသီးမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း(၂၂)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။




