နေပြည်တော်၊ ဇန်နဝါရီ(၂၆)။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်သို့ လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများအား အောင်မြင်ကျော်ကြားခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ၏ အားကစားစွမ်းဆောင်ခဲ့မှုသမိုင်းမှတ်တမ်းများကို ကြည့်ရှုလေ့လာမှတ်သားပြီး အားကစားကို ပိုမိုစိတ်ပါဝင်စား၍ စိတ်ဓာတ်ခွန်းအားများရရှိစေပြီး အတုယူ ကြိုးစားလိုစိတ်များဖြစ်ပေါ်လာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများသည် ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအတွင်းရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများအားလည်းကောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ မှတ်တမ်းများအားလည်းကောင်း လာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိမေးမြန်းခဲ့သည်များကို လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ပြခန်းတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်အား ဆက်လက်သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။




