၂၀၂၂ ခုနှစ်၊ (၅၀)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီလ (၂)ရက်။
၂၀၂၂ ခုနှစ်၊ (၅၀)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် (၁)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ၊ ပြိုင်ပွဲကျင်းပရေးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲမှစ၍ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲဟု ခေါ်ဝေါ်သုံးစွဲကြရန်လိုကြောင်း၊ စက်ဘီးအားကစားနည်းသည် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်မှုမရှိပါက အန္တရာယ်ရှိနိုင်သည့်အတွက် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်သွားကြရန် ပြိုင်ပွဲဝင် အားကစားသမားများအား အုပ်ချုပ်နည်းပြများမှ အထူးမှာကြားထားဖို့လိုကြောင်း၊ ပြိုင်ပွဲအောင်အောင်မြင်မြင် ချောချောမွေ့မွေ့ပြီးမြောက်ရန်နှင့် ပြိုင်ပွဲကာလတွင် (Accidents) မဖြစ်စေရေးအတွက် အုပ်ချုပ်သူ/ နည်းပြများအနေဖြင့် အထူးဂရုစိုက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြိုင်ပွဲမစခင် တာဝန်ရှိပုဂ္ဂိုလ်များမှ ဌာန၏လမ်းညွှန်ချက်များကို လိုက်နာကြရန်လိုအပ်ကြောင်း၊ စည်းမျဉ်း/စည်းကမ်းများအား ကြိုတင်ဖြန့်ဝေပေးထားပြီးဖြစ်၍ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားအားလုံး သိရှိနားလည်ထားပြီးဟုယူဆကြောင်း၊ သက်တမ်းအလိုက်ပြိုင်ပွဲဖြစ်သည့်အတွက် အသက်မှန်ကန်မှု ရှိရန်လိုကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအားလုံး အိပ်ဆောင်စည်းကမ်း၊ စားသောက်ရေးစည်းကမ်းနှင့် ပို့ဆောင်ရေးစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးများနှင့် ပြိုင်ပွဲကျင်းပရေး အဖွဲ့တာဝန်ရှိသူများမှ ပြိုင်ပွဲအား စက်ဘီးအဖွဲ့ချုပ်မှ သတ်မှတ်ထားသည့် ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း/စည်းကမ်းများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သတ်မှတ်ထားသည့် အချက်(၂၀) ပါ စည်းမျဉ်း/စည်းကမ်းများကိုလည်း တိကျစွာလိုက်နာဆောင်ရွက်ရန်နှင့် အသက် (၂၅)နှစ်အောက် ပြိုင်ပွဲဖြစ်သည့်အတွက် အသက်မှန်မှန်ကန်ကန်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာနိုင်ချေရှိသည့်အတွက် သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများ အတိုင်း သွားလာနေထိုင်ကြရန်လိုအပ်ကြောင်း၊ ဆေးစစ်မှုမပြုလုပ်ရသေးသည့် အားကစားသမားများအား ဆေးစစ်မှုများကို လူဦးရေခွဲ၍ ပြုလုပ်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်းနှင့် အသင်းအုပ်ချုပ်သူ/ နည်းပြများမှ နေထိုင်စားသောက်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ ၂၀၂၂ ခုနှစ်၊ (၅၀)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့နှင့် (၄)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းပတ်လမ်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း (၁၁)သင်းနှင့် အားကစားသမားအင်အား စုစုပေါင်း(၁၂၆)ဦး တို့ ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။