၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
နေပြည်တော်၊ ဩဂုတ် (၁၅)ရက်။
မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ” ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ” ကို ယနေ့ မွန်းလွဲ(၃) နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် လေ့ကျင့်ရေးကွင်းအမှတ်(၃)တို့၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ယနေ့ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို (၃)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါသည်။
(၁၆.၈.၂၀၂၂)ရက်နေ့ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် မွန်းလွဲ(၃)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားလေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့်မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။




