၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန်၊ဒီဇင်ဘာ(၂၉)ရက်။
လူငယ်မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာနိုင် စေရန်နှင့် နိုင်ငံတော်ကအားထားရမည့်စားပွဲတင်တင်းနစ်မြန်မာ့လက်ရွေးစင်အားကစားသမားများဖြစ်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်(၈)နာရီခွဲအချိန်ကရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်း၊ အမျိုးသားရေကူးကန်ဝင်းရှိမြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်၌ကျင်းပရာ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးကျော်ကျော် ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး ၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးသောကုမ္ပဏီမှ အလှူရှင်များ၊ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင်များ၊ ဒိုင်အဖွဲ့ဝင်များ ၊ ကစားသမားများတက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်က အဖွင့်အမှာစကားပြောကြားပြီးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် တစ်အုပ်စုလျှင် (၃)သင်းခွဲ၍ (A)အဆင့်၊ (B)အဆင့်၊ (C)အဆင့် ၊ (D)အဆင့်ခွဲပြီးအုပ်စု(၁၂)စု ၊ အသင်းပေါင်း (၃၆)သင်း ၊ စုစုပေါင်းပြိုင်ပွဲဝင် အားကစားသမားဦးရေ (၁၅၁) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးဆုပေးပွဲအခမ်းအနားကို (၃၀.၁၂.၂၀၂၂)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။



