၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော်၊ အောက်တိုဘာ(၂၅)။
မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ကွင်းအမှတ်(၁)နှင့်(၃)တို့၌ ယနေ့နံနက်(၇) နာရီနှင့် ညနေ(၃)နာရီခွဲအချိန်တို့တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ယနေ့ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ကွင်းအမှတ် (၃)၌ မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မွန်ပြည်နယ်အသင်းမှ တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၂)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ ညနေ(၃)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ကရင်ပြည်နယ်အသင်ကို (၃)ဂိုး၊ (ဂိုးမရှိ)ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၃)၌ မကွေးတိုင်းဒေသကြီးအသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မကွေးတိုင်းဒေသကြီးအသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး အုပ်စု(ဂ)တွင် မွန်ပြည်နယ်အသင်းမှ ပထမ၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ဒုတိယဖြင့်လည်းကောင်း၊ အုပ်စု(ဃ)တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ပထမ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ဒုတိယဖြင့်လည်းကောင်း၊ အသီးသီးအနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ပါသည်။
(၂၇.၁၀.၂၀၂၂)ရက်နေ့တွင် ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၃)၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။




