အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၂၁)။

မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)နှင့်(၃)တို့၌ ယနေ့ နံနက်(၇)နာရီနှင့် ညနေ(၃)နာရီခွဲအချိန်တို့ တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်စိုးမိုးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ကွင်းအမှတ်(၃)၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မကွေးတိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းကို (၃)ဂိုး၊ ဂိုး(မရှိ)ဖြင့်လည်းကောင်း၊ ညနေ(၃)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)၌ မွန်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မွန်ပြည်နယ်အသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းကို (၅)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၃)၌ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို (၃)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါသည်။

(၂၂.၁၀.၂၀၂၂)ရက်နေ့တွင် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ(၃)နာရီခွဲ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၃)၌ ကချင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။