၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ
နေပြည်တော်၊ ဒီဇင်ဘာ (၃)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်းတိုးတက်မြင့်မားစေရေး ရည်ရွယ်၍ “၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲ ”ကို ယနေ့နံနက် (၅:၄၅)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် စောဒန်နီယယ်၊ ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင် စုစုပေါင်းအင်အား(၄၀၀၀)ဦးခန့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြ ပါသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဂိတ်အမှတ်(၁) မှ စတင်တာထွက်ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ဂိတ်(A)ရှေ့အထိ ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)၊ (၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဗူး၊ Pocari Sweat နှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြပါသည်။
အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအပြင် ဝန်ထမ်းမိသားစုဝင်များပါ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။




