၂၀၂၂ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အမျိုးသားအသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၂ ခုနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အမျိုးသားအသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို (၇.၉.၂၀၂၂)ရက်နေ့ ညနေ ၃ နာရီအချိန် အောင်သံလွင်အားကစားကွင်း၊ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်မြို့နယ်အသင်း (၇)သင်းမှ ကွင်းအတွင်းနေရာယူပြီး ပြည်နယ်ဝန်ကြီးချုပ်မှအဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လစ်စေခဲ့ပါသည်။ ထိုနောက် အားကစားသမားများ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီးနောက် အားကစားသမားများကွင်းအတွင်းမှစစ်ကြောင်းပုံဖြင့်ချီတက်အလေးပြု ထွက်ခွာခဲ့ပါသည်။ ဆက်လက်၍ အ.ထ.က (၄)ကျောင်း ဘင်ခရာ၊ ပန်းပွားအဖွဲ့မှ သရုပ်ပြသခဲ့ကြပြီးနောက်ကွင်းအတွင်းမှစစ်ကြောင်းပုံဖြင့် ချီတက်အလေးပြု၍ ဆက်လက်ထွက်ခွာခဲ့ပါသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်မှ အ.ထ.က (၄)ကျောင်း ဘင်ခရာ၊ ပန်းပွားအဖွဲ့အား ဂုဏ်ပြုငွေချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ဖွင့်ပွဲယှဉ်ပြိုင်မည့် နှစ်ဖက်အသင်းမှအားကစားသမားများနှင့် ဒိုင်အဖွဲ့ကွင်းအတွင်း နေရာယူခဲ့ကြပြီး၊အခမ်းအနားမှူးမှ အားကစားသမားများနှင့် ဒိုင်အဖွဲ့အား ပရိတ်သတ်နှင့် မိတ်ဆက်ပေးခဲ့ပြီး ပြိုင်ပွဲအားစတင်ယှဉ်ပြိုင်ကစားစေခဲ့ပါသည်။
ယနေ့ ဖွင့်ပွဲ၊ပြိုင်ပွဲပွဲစဉ်ဖြင့် သံတောင်ကြီးမြို့နယ်အသင်းနှင့်ဘားအံမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ၀:၃ ဖြင့် ဘားအံ မြို့နယ်အသင်းမှ အနိုင်ရရှိခဲ့ပါသည်။
အဆိုပါပြိုင်ပွဲကို (၇.၉.၂၀၂၂)ရက်နေ့မှ (၁၆.၉.၂၀၂၂) ရက်နေ့ထိ ဘားအံမြို့အောင်သံလွင် ဘောလုံးကွင်းတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်းနှင့် မည်သူမဆိုအခမဲ့ လာရောက်အားပေးကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။




