၂ဝ၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
၂ဝ၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ(၂၈)ရက် ညနေပိုင်းက အားကစားနှင့်ကာယသိပ္ပံ လေ့ကျင့်ရေးကျောင်း(မော်လမြိုင်)ရှိ အားကစားကွင်းတွင် ကျင်းပသည်။ ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မသန်စွမ်းပြိုင်ပွဲဝင် အားကစားသမားများ၏ အမျိုးသား ဒူးအောက်တစ်ဖက် မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား သူငယ်နာ အကြောတင်း မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ(၁၀၀) လေးဘီးတပ် ဝှီးချဲတွန်းပြိုင်ပွဲ ယှဉ်ပြိုင်မှုများကိုကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် မသန်စွမ်း ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် ပြိုင်ပွဲဝင်အားကစားသမားများကို ဆုများ ပေးအပ်ချီးမြှင့်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က မသန်စွမ်းဆုရ အားကစားသမားများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။ မသန်စွမ်း ပြေးခုန်ပစ်ပြိုင်ပွဲတွင် အားကစားနည်း (၁၅)မျိုးကို နိုဝင်ဘာ(၂၇)ရက်မှ (၂၈)ရက်အထိ ကျင်းပရာ၊ မသန်စွမ်းအားကစားသမား (၅၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။




