(၁၁) ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (11th SOMY +3) အား Virtual စနစ်ဖြင့်တက်ရောက်
နေပြည်တော်၊ ဇွန်(၂၀)။
မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်ဦးဆောင်ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (11th SOMY+3)အား မြန်မာစံတော်ချိန် ယနေ့ နံနက် (၇:၃၀) အချိန်တွင် ကျင်းပပြုလုပ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ခေါင်းဆောင်များ၊ အာဆီယံအပေါင်း(၃)နိုင်ငံများ (တရုတ်၊ ကိုရီးယား၊ ဂျပန်)မှ လူငယ်ဆိုင်ရာခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံအာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(SOMY) ခေါင်းဆောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အာဆီယံအပေါင်း(၃)လူငယ်ဆိုင်ရာလုပ်ငန်း အစီအစဉ် (၂၀၂၁-၂၀၂၅) နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူငယ်ဆိုင်ရာအစီအစဉ်များ၏ တိုးတက်မှု အခြေအနေများအပေါ် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် မလေးရှားနိုင်ငံတို့မှ ဦးဆောင်၍ အာဆီယံအပေါင်း(၃)နိုင်ငံများမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက အသီးသီးဆွေးနွေး တင်ပြခဲ့ကြပါသည်။
၂၀၂၁ခုနှစ်နှင့် ၂၀၂၂ခုနှစ်အတွက် (၁၁)ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMY+3) ၏ ပူးတွဲဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံမှလည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေး၌ ၂၀၂၃-၂၀၂၄ ခုနှစ်တို့တွင် ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် မြန်မာနိုင်ငံ နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဥက္ကဋ္ဌတာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေး၌ (၁၂)ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပမည့် အချိန်နှင့်နေရာစီစဉ်ထားရှိမှုကို အစည်းအဝေးတက်ရောက်လာသူများအား မြန်မာနိုင်ငံမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ရှိပူးတွဲဥက္ကဋ္ဌတာဝန် ထမ်းဆောင်လျက်ရှိသော မလေးရှားနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့နှင့်အတူ ဥက္ကဋ္ဌတာဝန်အား လက်ခံရယူမည့် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ နိဂုံးချုပ်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး (၁၁)ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာအဆင့်မြင့် အရာရှိကြီးများအစည်းအဝေးအား မြန်မာစံတော်ချိန် နံနက်(၉:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။




