အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲကို နေပြည်တော်၊ ပျဉ်းမနားမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ(၁၃)။

လူငယ်များအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကစွမ်းအားစု အဖြစ် ပါဝင်လာနိုင်စေရေး၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၀၉း၃၀)နာရီအချိန်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ပျဉ်းမနား) ၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်က အဖွင့်အမှာ စကားပြောကြားရာတွင် အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်မည့် မျိုးဆက်သစ်လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်၍ အသိဉာဏ်ပညာ ဖွံ့ဖြိုးသူများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးသွားရန်လိုကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်ထက်မြက်သည့် အသိပညာရှင်နှင့်အတတ်ပညာရှင်များစွာ လိုအပ်ကြောင်း၊ ကျောင်းသားလူငယ်များ လူ့အသိုင်းအဝိုင်းတွင် အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာထောက်ထားမှု၊ ရင်းနှီးဖော်ရွေမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ အပြန်အလှန်လေးစားမှု တို့နှင့် နေထိုင်ပြောဆိုဆက်ဆံကြပြီး စဉ်းစားဆင်ခြင်မှု အသိဉာဏ်ပညာများနှင့် ကြိုးစားအားထုတ် သွားမည်ဆိုပါက ဘဝတွင်အောင်မြင်မှုများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ Intelligence အမျိုးမျိုးရှိသည့်အနက် ဉာဏ်ရည်ထက်မြက်မှု(IQ) သာမက နှလုံးသားအာဟာရ ပြည့်ဝစေရန် နှင့် လူအချင်းချင်းအကြား ကိုယ်ချင်းစာတရားများ တိုးပွားစေရန်အတွက် EQ ကောင်းမွန်စေရေးလည်း လေ့ကျင့်ပျိုးထောင်ရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ကျန်းမာရေးလိုက်စားပြီး ခန္ဓာကိုယ်ကြံ့ခိုင် သန်မာအောင် ကိုယ်လက်လှုပ်ရှားအားကစားများကို နေ့စဉ်ပြုလုပ်ခြင်းဖြင့် Physical Intelligence (PQ)ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ စာများများဖတ်ကြရန်နှင့် စာဖတ်ရာတွင်လည်း သုတနှင့်ရသ စာပေ(၂)မျိုးလုံးဖတ်ရှုရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များ အနေဖြင့် တိုင်းပြည်နှင့် လူမျိုးအပေါ်ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ ငြိမ်းချမ်းရေး လိုလားသည့် စိတ်ဓာတ်များနှင့် အနာဂါတ်ကို ဦးဆောင်နိုင်သည့် လူငယ်များဖြစ်အောင် ကြိုးစားနေထိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲနိုင်ဝင်းမှ စာဖတ်ခြင်းကြောင့် ရရှိစေနိုင်မည့် အကျိုးကျေးဇူးများနှင့် မိမိနိုင်ငံ၏ ယဉ်ကျေးမှုကို တန်ဖိုးထား တက်စေရန်ရည်ရွယ်၍ “စာပေနှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများ မေးမြန်း၍ အဖြေမှန်သူများအား ဂုဏ်ပြု ဆုလက်ဆောင်များပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ပျဉ်းမနား) သို့ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်ယုယုကြည်မှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီ ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်၊ နေပြည်တော်ကောင်စီ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ နေပြည်တော်ကောင်စီ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးနှင့် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ပျဉ်းမနား)မှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၆၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။