![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ ၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။
အစီအစဉ်အရ ဌာနခွဲများမှ ဝန်ထမ်းများက မိသားစု အခက်အခဲများ၊ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အသီးသီးတင်ပြခဲ့ကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန စီမံ/ဘဏ္ဍာ ညွှန်ကြားရေးမှူးက ယခင်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲတွင် ဝန်ထမ်းများ၏ တင်ပြချက်များကို ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ယခုတင်ပြခဲ့မှုများအား ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အားကစားဆေးဘက်ဌာနခွဲမှ တာဝန်ခံဆရာဝန် ဒေါက်တာ ချမ်းကျော်ထွန်းက “ သင့်နှလုံးခုန်သံကိုလျစ်လျူမရှုမိပါစေနှင့်” ဆိုသည့် နှလုံးကျန်းမာရေးအသိပညာပေး ဆွေးနွေးပြောကြားခြင်းနှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)အား ရွတ်ဆိုရန်အတွက် ဌာနခွဲများအား မဲနှိုက်၍ရွေးချယ်ခဲ့ရာ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(YC)၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)နှင့် လူထုအားကစား နှင့်ပညာပေးဌာနခွဲစသည့် ဌာနခွဲ(၃)ခုကိုယ်စားပြု ဝန်ထမ်းတစ်ဦးစီကအသီးသီး ရွတ်ဆိုခဲ့ကြသည်။
ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက ဝန်ထမ်းများအား ရုံးလုပ်ငန်း ဆိုင်ရာကိစ္စနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း/စည်းကမ်းများ၊ ကျင့်ဝတ်များ၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့သည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)အား မှန်မှန်ကန်ကန် ဖြင့် အကောင်းဆုံးရွတ်ဆိုနိုင်သည့် လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ လက်ထောက်စာကြည့်တိုက်မှူး ဒေါ်အေးအေးမွန်ကို ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ပြီးနောက် နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားရန်လိုကြောင်း၊ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြနိုင်ကြောင်းနှင့် မိမိအနေဖြင့်လည်း ဝန်ထမ်းများ၏ အခက်အခဲများကို ကူညီဖြေရှင်း၍ လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။




