အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယ ဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံနှင့်အဖွဲ့အား နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ဦးစွာ ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံက မြန်မာနိုင်ငံ E-Sports အားကစားနည်း တိုးတက်ဖွံ့ဖြိုး စေရန်၊ လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် E-Sports အားကစားနည်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သည့် အားကစားသမားများ မွေးထုတ် ပေးနိုင်စေရန်အတွက် ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်တွင် (Myanmar Electronic Sports Federation) မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ လူငယ်များအကြား စိတ်ပါဝင်စားမှုနှုန်း ပိုမိုမြင့်မားလာစေရန်အတွက် မိမိတို့အားကစားအဖွဲ့ချုပ်အနေဖြင့် ဝန်ကြီးဌာန၏ လမ်းညွှန်မှုများအတိုင်း ပြိုင်ပွဲများ စေလွှတ်ယှဉ်ပြိုင်စေခြင်းများကို ပြုလုပ်ပေးခဲ့ပါကြောင်း၊ ကမ္ဘာပေါ် တွင် E-Sports အားကစားအဖွဲ့ချုပ်ပေါင်း (၁၄၄)ခု ရှိသည့်အနက် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်အား ဒုတိယအကောင်းဆုံး အားကစားအဖွဲ့ချုပ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါကြောင်း၊ ပြိုင်ပွဲများများ ကျင်းပပေးနိုင်ရန်နှင့် စိတ်ပါဝင်စားသူ ပိုမိုများပြားလာပြီး လူငယ်များ ကျယ်ကျယ် ပြန့်ပြန့် ကစားလာစေရန်အတွက် လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များနှင့် မျှော်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အများပြည်သူအနေဖြင့် E-Sports အားကစားနည်းကို အားကစားနည်းတစ်ခုအဖြစ် မြင်လာ အောင် စည်းမျဉ်း/ စည်းကမ်းများနှင့် Technical Hand Book များကို စနစ်တကျရေးဆွဲပြီး ဖြန့်ဝေပေးသွားရန်လိုကြောင်း၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ အနေဖြင့် E-Sports အားကစားနည်းကို နိုင်ငံတကာမှ အသိအမှတ်ပြုလက်ခံထားသည့် အားကစားပြိုင်ပွဲ တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်လာစေရန် ဟောပြောပွဲများ တွင် အသိပညာပေး ဟောပြောနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် လိုကြောင်း၊ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိအောင် ဆက်လက်၍ အားထည့်ပြီး ကြိုးစားပေးသွားရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။