အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဩဂုတ်(၁၀)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး ဒေါ်မေသန်းကြိုင် တို့အားအမှူးထား၍ နှစ်စဉ်ကျင်းပလျက်ရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ၊ ဉယျာဉ်စုသိမ်ကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ မဟာထေရ်မြတ်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်မြတ်တို့ ရွတ်ပွား သရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကိုနာယူခြင်း၊ ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆရာတော်မထေရ်မြတ်ကြီးထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေပြီး ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီးနောက် မထေရ်မြတ်ကြီးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ပြီး တရားနာ လာရောက်ကြသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်ဇနီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။





