အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ရန်ကုန်မြို့ရှိ အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ ဇွန် (၂၃)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သို့သွားရောက်၍ အားကစားသမားများ၏ စခန်းသွင်းလေ့ကျင့်နေမှုများနှင့် နေထိုင်စားသောက်ရေး၊လေ့ကျင့်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် လှေလှော်အဖွဲ့ချုပ်တွင် လာရောက်လေ့ကျင့်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် ရွက်လှေအဖွဲ့ချုပ်တွင် ရွက်လှေအားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်တွင် ကျင်းပလျက်ရှိသည့် APOLLO AGE GROUP 2023 SWIMMING CHAMPIONSHIP ရေကူးပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ASEAN SCHOOL GAMES သို့ဝင်ရောက်ယှဥ်ပြိုင်မည့် မောင်ဘုန်းပြည့်ဟန်သည် အဆိုပါ ရေကူးပြိုင်ပွဲ အမျိုးသား မီတာ(၈၀၀) အလွတ်ကူးပြိုင်ပွဲတွင် မြန်မာပြည်စံချိန်သစ် တင်နိုင်ခဲ့ပြီး မထက်ဝန်းရံသည် အမျိုးသမီး မီတာ(၁၅၀၀) အလွတ်ကူးပြိုင်ပွဲတွင် မြန်မာပြည်စံချိန်သစ်တင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် MNL League(1) အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ISPE အမျိုးသမီးဘောလုံးအသင်း(၂)သင်းမှ အားကစားသမားများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။


