အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
ကမ္ဘောဒီးယား၊ မေ(၅)။
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ဒေသစံတော်ချိန်(၅)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Morodok Techo National Stadium ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် President of NOC Cambodia (SEAGF) Dr. Thong Khon နှင့် Cambodia SEA Games Organizing Committee Chairman (CAMSOC) Samdec Puchey Sena Tea Banh တို့က အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် HUN SEN က (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံမှ နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် အားကစားသမားများက မီးရှူးတိုင်အား လက်ဆင့်ကမ်း သယ်ဆောင်၍ မီးရှူးတိုင်အား ထွန်းညှိခဲ့ပြီး (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား ဖွင့်လှစ်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို (၆၄)နှစ်အတွင်း အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံရှိ မြို့ကြီး(၅)မြို့တို့တွင် မေလ(၅) ရက်နေ့မှ (၁၇)ရက်နေ့အထိ အားကစားနည်း (၄၀)နည်းအား ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



