အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ တည်ဆောက်ရေးလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဖေဖော်ဝါရီ (၈)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၁၀)နာရီတွင် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်၌ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် ပြည်သစ်စံကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ပေ(၄၈၀)xပေ(၆၀) RC(၂)ထပ် ဘောလုံးကွင်း အထူးတန်းပွဲကြည့်စင်နှင့် Greeco ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ပေ(၁၈၀)xပေ(၁၅၀) မိုးလုံလေလုံအားကစားရုံတို့အား သတ်မှတ်ကာလအတွင်းပြီးစီးရမည့် ရာခိုင်နှုန်းအလိုက် တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများအားလုံး ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးရေးတို့အတွက် ဂရုတစိုက်ကြပ်မတ် ဆောင်ရွက်သွားရန်နှင့် ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေမှုရှိစေရေး၊ သန့်ရှင်းသာယာလှပမှု ရှိစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


