အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများသို့ ခန့်ထားနိုင်ရေး ရေးဖြေစာမေးပွဲကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ (၁၁)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန(ရုံးချုပ်)တွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀ -၂၂၆၀၀၀)ရာထူးနေရာများသို့ ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများအား ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ Media Room ၌ ကျင်းပပြုလုပ်ခဲ့ရာ (၁၀.၁.၂၀၂၃)ရက်နေ့တွင် မြန်မာစာနှင့်အင်္ဂလိပ်စာဘာသာရပ်များအားလည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် အထွေထွေဗဟုသုတဘာသာရပ်အားလည်းကောင်း လာရောက်ဖြေဆိုခဲ့ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် အငယ်တန်းစာရေး၊ ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး နှင့် စာရင်းကိုင်-၄ ရာထူးနေရာများသို့ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူ(၃၃)ဦးတို့မှ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များကို လာရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆို အောင်မြင်သူများကို လူတွေ့အရည်အချင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်နိုင်ရန် အကြောင်းကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။




