အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ Joint Training ပူးတွဲသွားရောက်လေ့ကျင့်နေသည့် မြန်မာအားကစားအဖွဲ့များနှင့် တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဇန်နဝါရီ(၁၁)။
၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က မြန်မာ-တရုတ် နှစ်နိုင်ငံအားကစားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ Joint Training ပူးတွဲလေ့ကျင့်မှုပြုလုပ်နေသည့် ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘော်လီဘော၊ ဝူရှူးအားကစားနည်းများမှ လက်ရွေးစင်အားကစားသမားများနှင့်လည်းကောင်း၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ ပြေးခုန်ပစ်၊ ကနူး/ကယက်လှေ၊ အလေးမ ၊ လက်ဝှေ့၊ ဝူရှူးအားကစားနည်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများကို ယနေ့နံနက်(၁၁)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ မြန်မာ နိုင်ငံအိုလံပစ်ကော်မတီရုံးခန်း၌ Online စနစ်ဖြင့် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
ဦးစွာ ဒုတိယဝန်ကြီးက အားကစားသမားများကို တရုတ်နိုင်ငံသို့ရောက်ရှိနေစဉ်ကာလအတွင်း စည်းကမ်းရှိရှိနှင့် စနစ်တကျ နေထိုင်သွားလာလေ့ကျင့်ကြရန်နှင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုကြောင်း၊ တရုတ်နည်းပြများမှ လေ့ကျင့်သင်ကြားပေးသည့်အတိုင်း စနစ်တကျ လိုက်နာပြီး အောင်မြင်မှု ဆုတံဆိပ်များရရှိရန် ပြင်းပြင်းထန်ထန်လေ့ကျင့်သွားကြရန်လိုကြောင်း၊ အားကစားသမားများအားလုံး မိမိကိုယ်ကို ယုံကြည်မှုရှိရန်နှင့် လေ့ကျင့်မှုများပြုလုပ်ရာ၌ ထိခိုက်ဒဏ်ရာမရရှိစေရန်၊ နည်းပြများမှ အားကစားသမားများ၏ အခြေအနေများကို တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ တင်ပြပေးရန်လို ကြောင်း၊ အုပ်ချုပ်သူများအနေဖြင့် အားကစားနည်းအလိုက် လေ့ကျင့်ရေးသုံးပစ္စည်းများနှင့် ပြိုင်ပွဲသုံး ပစ္စည်းအခြေအနေများ၊ အားကစားသမားများ၏ လေ့ကျင့်မှုအခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြပေးရန်လိုကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိစေရန်အတွက် အားကစားသမားများအနေဖြင့် မိမိတို့၏ လေ့ကျင့်မှုစံချိန်/စံညွှန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရန် အထူးကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ အုပ်ချုပ်သူ/နည်းပြများ နှင့်အားကစားသမားများအားလုံး သွားလာနေထိုင်စားသောက်မှုနှင့် လေ့ကျင့်မှုအပိုင်းတို့တွင် အစစအရာရာ ဂရုစိုက်ပြီး ကိုဗစ် – ၁၉ ရောဂါ ကူးစက်မခံရအောင် အထူးဂရုစိုက်နေထိုင်သွားကြရန် ပြောကြားခဲ့ပါသည်။
ထို့နောက် အားကစားနည်းအလိုက် အသင်းအုပ်ချုပ်သူ/နည်းပြများက တရုတ်နည်းပြများမှ Training Program ရေးဆွဲ၍ လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများ၊ အားကစားသမားများ၏ လေ့ကျင့်မှုစံချိန်များ၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေများ၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းဆိုင်ရာကိစ္စများ၊ နည်းပြများနှင့် နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ နေထိုင်စားသောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ရာသီဥတုအခြေအနေနှင့် ကြံ့ခိုင်မှုပိုင်းဆိုင်ရာအခြေအနေများကို အသီးသီး ဆွေးနွေးတင်ပြ ခဲ့မှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိ သူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။




