အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြခန်းအား လာရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ ဇန်နဝါရီ (၇)။
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော် ဥပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်းအတွင်း၌ ဝန်ကြီးဌာနပေါင်းစုံမှ ပြခန်းများ ပြသထား လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်မိသားစုသည် ယမန်နေ့ ညနေပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းသို့ လာရောက်ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါ ပြပွဲ၌ ဝန်ကြီးဌာနပြခန်း(၂၅)ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်း (၁၅)ခန်း၊ တိုင်းရင်းသားရိုးရာအစားအစာ ပြခန်း (၁၅)ခန်း၊ စုစုပေါင်းပြခန်း(၅၅)ခန်းနှင့် ဝန်ကြီးဌာနများ အလိုက် ကိုယ်စားပြုဂုဏ်ပြုယာဉ်(၂၆)စီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်(၁၅)စီး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ်(၁)စီး၊ ပြည်ထောင်စု နောက်ပိတ်ဂုဏ်ပြုယာဉ်(၁)စီး၊ တပ်မတော်ကိုယ်စားပြု ဂုဏ်ပြုယာဉ် (၅)စီး၊ စုစုပေါင်း ဂုဏ်ပြုယာဉ် (၄၈) စီးတို့ကို ခင်းကျင်းပြသထားလျက်ရှိသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းတွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ စိတ်ဝင်တစားဖြစ်စေရန်အတွက် ကံစမ်းမဲအစီအစဉ်များ၊ ပဟေဠိဖြေကြားသည့် အစီအစဉ်များ နှင့် ကိုယ်တိုင်ပါဝင်ဆင်နွှဲရသည့် ဂိမ်းကစားခြင်းအစီအစဉ်များကိုလည်း ထည့်သွင်းထားရှိရာ ကျောင်းသား/ ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ဒေသခံပြည်သူများ စိတ်ပါဝင် စားစွာ လာရောက်ကြည့်ရှုလေ့လာကြသဖြင့် အထူးစည်းကားလျက်ရှိပြီး အဆိုပါပြပွဲကို ဇန်နဝါရီ ၄ ရက်မှ စတင်၍ ၈ ရက်အထိ တပေါင်းကွင်း၌ ခင်းကျင်းပြသသွားမည်ဖြစ်ရာ မိဘပြည်သူများ အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။




