အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ Joint Training ပူးတွဲသွားရောက်လေ့ကျင့်နေသည့် မြန်မာအားကစားအဖွဲ့များနှင့် တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ(၇)။
၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က မြန်မာ-တရုတ် နှစ်နိုင်ငံအားကစားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ Joint Training ပူးတွဲလေ့ကျင့်မှုပြုလုပ်နေသည့် ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘော်လီဘောနှင့် ဝူရှူး အားကစားနည်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများကို ယနေ့နံနက်(၁၁)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးခန်း၌ Virtual Online စနစ်ဖြင့် တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
ဦးစွာ ဒုတိယဝန်ကြီးက အားကစားသမားများကို တရုတ်နိုင်ငံသို့ရောက်ရှိနေစဉ်ကာလအတွင်း စည်းကမ်းရှိရှိနှင့် စနစ်တကျ နေထိုင်သွားလာလေ့ကျင့်ကြရန်နှင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုကြောင်း၊ တရုတ်နည်းပြများမှ လေ့ကျင့်သင်ကြားပေးသည့်အတိုင်း စနစ်တကျ လိုက်နာပြီး အောင်မြင်မှု ဆုတံဆိပ်များရရှိရန် ပြင်းပြင်းထန်ထန်လေ့ကျင့်သွားကြရန်လိုကြောင်း၊ အားကစားသမားများအားလုံး မိမိကိုယ်ကို ယုံကြည်မှုရှိရန်နှင့် လေ့ကျင့်မှုများပြုလုပ်ရာ၌ ထိခိုက်ဒဏ်ရာမရရှိစေရန်၊ စံချိန်များ တိုးတက်စေရန်နှင့် အစစအရာရာဂရုစိုက်ကြရန်လိုကြောင်း၊ နည်းပြများမှ အားကစားသမားများ၏ အခြေအနေများကို တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ တင်ပြပေးရန်လိုကြောင်း၊ အုပ်ချုပ်သူများအနေဖြင့် အားကစားနည်းအလိုက် လေ့ကျင့်ရေးသုံးပစ္စည်းများနှင့် ပြိုင်ပွဲသုံးပစ္စည်းအခြေအနေများ၊ အားကစားသမားများ၏ လေ့ကျင့်မှုအခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြပေးရန်လိုကြောင်း၊ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိစေရန်အတွက် အားကစားသမားများအနေဖြင့် မိမိတို့၏ လေ့ကျင့်မှုစံချိန်/စံညွှန်းများ ပိုမိုတိုးတက် ကောင်းမွန်စေရန် အထူးကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ အုပ်ချုပ်သူ/နည်းပြနှင့် အားကစား သမားများအားလုံး နေထိုင်စားသောက်မှုနှင့် လေ့ကျင့်မှုပိုင်းတို့တွင် အစစအရာရာ ဂရုစိုက်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရအောင် အထူးဂရုစိုက်နေထိုင်သွားကြရန် ပြောကြားခဲ့ပါသည်။
ထို့နောက် အားကစားနည်းအလိုက် အသင်းအုပ်ချုပ်သူ/နည်းပြများက တရုတ်နည်းပြများမှ Training Program ရေးဆွဲ၍ လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများ၊ အားကစားသမားများ၏ လေ့ကျင့်မှုစံချိန်များ၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေများ၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းဆိုင်ရာကိစ္စများ၊ နည်းပြများနှင့် နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ နေထိုင်စားသောက်မှုဆိုင်ရာကိစ္စရပ် များ၊ ရာသီဥတုအခြေအနေနှင့် ကြံ့ခိုင်မှုပိုင်းဆိုင်ရာအခြေအနေများကို အသီးသီး ဆွေးနွေးတင်ပြခဲ့မှု အပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူ များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။




