အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဒေါက်တာစိုးဝင်း ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက်
နေပြည်တော်၊ နိုဝင်ဘာ (၄)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ နှစ်စဉ်နှစ်တိုင်းပြုလုပ်ကျင်းပလျက်ရှိသည့် ဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)ခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်းများတက်ရောက်၍ လှူဖွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
ဦးစွာ ပျဉ်းမနားမြို့ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာစာရ မထေရ်မြတ်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ပွားသရဇ္စျာယ်တော်မူသော ပရိတ်တရားတော်များကို နာယူခြင်း၊ ဆရာတော်ကြီးများအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခြင်း၊ ဆရာတော် မထေရ်မြတ်ကြီးထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခြင်း၊ ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ ဆက်လက်၍ တရားနာလာရောက်ကြသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။




