အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ အောက်တိုဘာ(၁၃)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် (၅)ဦးတို့အား ယနေ့ နံနက် (၁၁:၀၀)နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai က မြန်မာ နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် ကောင်းမွန်သောရလဒ်များ ရရှိခဲ့သည်ကို တွေ့မြင်ရပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ၏ လူနေမှု အဆင့်အတန်းမြင့်မားလာစေရန်နှင့် အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား အဓိက ဆွေးနွေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခင်နှစ်များကပင် တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုများ ရှိပါကြောင်းနှင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ ပေးမှုများအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံ မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား တရုတ်နိုင်ငံသို့ Joint Training ခေါ်ယူ လေ့ကျင့်ပေး ခဲ့မှုနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားသမားများကို Joint Training ထပ်မံခေါ်ယူ လေ့ကျင့်ပေးမည် ဆိုသည့်အတွက်လည်း အထူးဝမ်းသာပါကြောင်း၊ မြန်မာ့အားကစားလောကအဆင့်အတန်း ဖွံ့ဖြိုးတိုးတက် စေရန်နှင့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏအဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံ၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများအပေါ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးရေးကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။





