ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော SHAN STATE VOLLEYBALL LEAGUE 2023 ကလပ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပ
ညောင်ရွှေ မေ(၇)။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော SHAN STATE VOLLEYBALL LEAGUE(2023)ကလပ်ပေါင်းစုံအမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို မေ(၇)ရက် မွန်းလွဲ(၂)နာရီက ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ ဘော်လီဘောအားကစားရုံ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ယခုလိုကလပ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်း ဘော်လီဘောအားကစားနည်းကို ယခုထက်ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်စားလာစေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်ဘော်လီဘော အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ အဖွဲ့လိုက် ကစားရသည့် ကစားနည်းဖြစ်သောကြောင့် အချင်းချင်းစည်းလုံးသီညွတ်မှု ပိုမိုရရှိလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်၊ Shan State Volleyball Leagueတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကစားသမားများအနေဖြင့် ပြိုင်ပွဲကာလအတွင်း တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာ ယှဉ်ပြိုင်ပြီး မိမိတို့၏ အားကစား အရည်အချင်းများကို အကောင်းဆုံးထုတ်ဖော်ပြသယှဉ်ပြိုင်ကစားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင် ဘော်လီဘော အားကစားသမားများမှ သစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြိုင်ပွဲပထမပွဲစဉ်အဖြစ် အားကာသိပ္ပံ(တောင်ကြီး)အသင်းနှင့်ရွာသာ(တောင်ပို့ကြီး)အသင်းတို့ယှဉ်ပြိုင်ကစားနေမှု၊ သလဲဦး(မိုင်းသောက်) အသင်းနှင့် အင်းပေါခုံ(ကြေးပေါခုံ) အသင်းတို့ယဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဘော်လီဘောပြိုင်ပွဲဝင် အားကစားသမားများနှင့် ဒိုင်အဖွဲ့အား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဘော်လီဘောပြိုင်ပွဲသို့ အင်းလေးဒေသမှ ပြိုင်ပွဲဝင် (၁၆) သင်းနှင့် ပြိုင်ပွဲကို ၂၀၂၃ မေလ (၇) ရက်မှ ၂၀၂၄ ဖေဖော်ဝါရီလ (၁၂) ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


