မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အသက်(၂၃) နှစ်အောက် အမျိုးသားဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတက်ရောက်
မော်လမြိုင်၊ စက်တင်ဘာ ၁၈။
၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘတ်စကက်ဘောဆပ်ကော်မတီတို့ပူးပေါင်းကျင်းပသည့် အသက်(၂၃)နှစ်အောက် အမျိုးသားဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ် ဘတ်စကက်ဘောအသင်းနှင့် မုဒုံမြို့နယ် ဘတ်စကက်ဘောအသင်းတို့ ယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ဆုရရှိသော ပြိုင်ပွဲဝင်အားကစားသမားများမှ သတ်မှတ်နေရာများတွင်နေရာယူပြီး မွန်ပြည်နယ်ဘတ်စကက်ဘောဆပ်ကော်မတီက ပြိုင်ပွဲဝင်အသင်းများအား ထောက်ပံ့ချီးမြှင့်ငွေကျပ်သိန်း (၂၀) ပေးအပ်ခဲ့ရာ တာဝန်ရှိသူက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများတွင် ဒုတိယဆုနှင့်တတိယဆုရရှိသော ပြိုင်ပွဲဝင်ဘတ်စကက်ဘောအသင်းများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ငွေသားဆုများလည်းကောင်း၊ ပထမဆုရရှိသော မော်လမြိုင်မြို့နယ် ဘတ်စကက်ဘောအသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသော အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


