အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နဝမအကြိမ် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ အသင်းသားစုံညီတွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

နဝမအကြိမ် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ အသင်းသားစုံညီတွေ့ဆုံပွဲ အခမ်းအနားကိုယမန်နေ့နံနက်(၁၀ :၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် ၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအေးမြင့်ကြူ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း နာယက မြန်မာ့ရေကူးလက်ရွေးစင်ဟောင်း ဝဏ္ဏကျော်ထင် ဒေါက်တာနန္ဒကျော်စွာ၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဥက္ကဋ္ဌ ၊ မြန်မာ့ဘောလုံး လက်ရွေးစင်ဟောင်း ဝဏ္ဏကျော်ထင် ဦးအေးမောင်ကြီး၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။

ဦးစွာ အစီအစဉ်အရ မြန်မာနိုင်ငံတော်သီချင်းနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား အလေးပြုခဲ့ပြီး မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအဖွဲ့မှ ပွဲတိုင်းကျော်သီချင်းအား သံပြိုင်သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ကွယ်လွန်သွားကြလေပြီဖြစ်သော မြန်မာ့လက်ရွေးစင်ဟောင်းများအား လွမ်းဆွတ်ခြင်း အထိမ်းအမှတ်အနေဖြင့် (၁)မိနစ်ငြိမ်သက်စွာ ဂါရဝပြုခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မြန်မာ့ အားကစားလက်‌ရွေးစင်ဟောင်းများအသင်းကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး သက်တမ်း (၁၂)နှစ်အတွင်း အသင်းသားစုံညီ တွေ့ဆုံပွဲကို ကျင်းပနိုင်ခဲ့ခြင်းသည် နဝမအကြိမ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအားကစားလောကတိုးတက်အောင်မြင်စေရေး၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများ ချစ်ခင်ညီညွတ်စွာ စုစည်း၍ အချင်းချင်း လူမှုရေးလိုအပ်ချက်များ၊ အခက်အခဲ များကို ကူညီစောင့်ရှောက်‌ပေးနိုင်‌စေရေး၊ နိုင်ငံတော်၏ အားကစားဆိုင်ရာ အရေးကိစ္စများတွင် တတ်နိုင်သည့်အခန်းကဏ္ဍမှ ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်စေရေးတို့အတွက် ရည်ရွယ်ပြီး မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းကို ဖွဲ့စည်းရခြင်းဖြစ်ပါကြောင်း၊ လက်ရွေးစင် အားကစားသမားဟောင်းအင်အား (၄၄၄)ဦးခန့်သည် အသင်းနှင့် ဆက်သွယ်ပြီး အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် လာကြသည်ကို သိရှိခဲ့ရသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ နှစ်စဉ်ကျင်းပပြု လုပ်ခဲ့သည့် အသင်းသားများနှင့် စုံညီတွေ့ဆုံပွဲ အခမ်းအနားတွင် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနမှ လှူဒါန်းငွေအပြင် အားကစားဝတ်စုံ Sport Shirt နှင့် အနွေးဝတ်စုံTrack Suit များကိုလည်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအနေဖြင့် မြန်မာ့အားကစားလောက တိုးတက် မြင့်မားရေး ကိစ္စများကို တစ်ဖက်တစ်လမ်းမှ တက်တက်ကြွကြွဖြင့် ကူညီဆောင်ရွက်ပေးနေမှုများကို ယခုထက်ပိုမို ဆောင်ရွက်ပေးနိုင်ပါရန်နှင့် အကြံပြုချက်များ၊ ဆွေးနွေးချက်များကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနသို့ ပေးပို့ပေးသွားပါရန် ဖိတ်ခေါ် အပ်ပါကြောင်းပြောကြားခဲ့သည်။

ယင်းနောက် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအေးမြင့်ကြူ နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ မြန်မာ့အားကစားလက်ရွေးစင် ဟောင်း များအသင်း ဥက္ကဋ္ဌ ၊ မြန်မာ့ဘောလုံး လက်ရွေးစင်ဟောင်း ဝဏ္ဏကျော်ထင် ဦးအေးမောင်ကြီး တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့ပြီးနောက် မြန်မာ့အားကစားလက်ရွေးစင် ဟောင်းများအသင်းသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ လှူဒါန်းသည့် ငွေကျပ် သိန်း(၃၀၀)ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ် သိန်း( ၂၀၀)ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်ကလည်းကောင်း ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းငွေကျပ် (၁၀)သိန်း၊ အားကစားဝတ်စုံ Sport Shirt (၂၅၀)ထည်နှင့် အနွေးဝတ်စုံ Track Suit (၂၅)စုံတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ကလည်းကောင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအေးမြင့်ကြူ က လှူဒါန်းငွေကျပ်(၂)သိန်းကိုလည်းကောင်း၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၊ မြန်မာ့လက်ရွေးစင် ဟောင်းများ၊ လက်ရွေးစင်အားကစားသမားများ၊ MNL ဘောလုံးအသင်းများမှ လှူဒါန်းငွေများကို လည်းကောင်း၊ လှူဒါန်းငွေ စုစုပေါင်း ငွေကျပ်(၉၀၉)သိန်း ကို အသီးသီး ပေးအပ်လှူဒါန်းခဲ့ရာ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ အသင်း ဥက္ကဋ္ဌ မြန်မာ့ဘောလုံးလက်ရွေးစင်ဟောင်း ဝဏ္ဏကျော်ထင် ဦးအေးမောင်ကြီးနှင့် မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများ အသင်းနာယက များက လက်ခံယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းနာယက မြန်မာ့ရေကူး လက်ရွေးစင်ဟောင်း ဝဏ္ဏကျော်ထင် ဒေါက်တာနန္ဒကျော်စွာက ကျေးဇူးတင်စကားပြန်လည် ပြောကြား ၍ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး‌နောက် အခမ်းအနားတက်ရောက်လာ ကြသူများကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။