မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပူးပေါင်း၍ အားကစားအသိပညာပေး ဟောပြောပွဲနှင့် ကျွမ်းဘားအားကစားနည်းသရုပ်ပြပွဲအခမ်းအနားဆက်လက်ကျင်းပ
တောင်ကြီး၊ ဇူလိုင်(၁၁)ရက်။
မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်နှင့် ရှမ်းပြည်နယ်၏ အားကစားဖွံ့ဖြိုးတိုးတက်ပြီး ကျောင်းသား/ကျောင်းသူ လူငယ်များ ကျွမ်းဘားအားကစားနည်းကို စိတ်ပါဝင်စားလာစေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျွမ်းဘားအားကစားနည်းအခြေခံ နည်းစနစ်များ ဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားအား တောင်ကြီးမြို့၌ ဆက်လက်ကျင်းပခဲ့သည်။
ရှေးဦးစွာ နံနက်(၉)နာရီအချိန်တွင် ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဟောပြောပွဲကျင်းပရာ မြန်မာနိုင်ငံကျွမ်းဘားအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီး မြန်မာနိုင်ငံကျွမ်းဘားအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်နီနီအောင်က ကျွမ်းဘားအားကစားနည်း၏ အခြေခံနည်းစနစ်များနှင့် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားလုပ်ဆောင်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား အသိပညာပေးဟောပြောခဲ့ပြီးနောက် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ အားကစားသမားများက ကျွမ်းဘားအားကစားနည်း အခြေခံနည်းစနစ်များဖြင့် သရုပ်ပြကစားခဲ့ပြီး ဟောပြောပွဲ/သရုပ်ပြပွဲ တက်ရောက်လာသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် YGW ပရဟိတမိဘမဲ့ကျောင်း(တောင်ကြီး)များသို့ တာဝန်ရှိသူများက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာကျောင်းအလိုက် တာဝန်ခံဆရာ/ဆရာမများက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ နေ့လည်(၁၄:၀၀)နာရီအချိန် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ အားကစားအသိပညာပေးဟောပြောပွဲနှင့် ကျွမ်းဘားအားကစားနည်းသရုပ်ပြပွဲအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံကျွမ်းဘားအားကစားအဖွဲ့ချုပ်၊ နာယက ဦးမြင့်အောင်နှင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူအင်အား (၂၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


