မကွေးတိုင်းဒေသကြီးအသင်းမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများမြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ
နေပြည်တော်၊ ဇန်နဝါရီ(၂၅)။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်သို့ လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများအား အောင်မြင်ကျော်ကြားခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၏ အားကစားစွမ်းဆောင်ခဲ့မှုသမိုင်းမှတ်တမ်းများကို ကြည့်ရှုလေ့လာမှတ်သားပြီး အားကစားကို ပိုမိုစိတ်ပါဝင်စား၍ စိတ်ဓာတ်ခွန်းအားများရရှိစေပြီး အတုယူ ကြိုးစားလိုစိတ်များဖြစ်ပေါ်လာစေရန်အတွက် မကွေးတိုင်းဒေသကြီးအသင်းမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများသည် ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့ အားကစားလှုပ်ရှားမှုများ ပြခန်းအတွင်းရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့ အားကစားလှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင် ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများအား လည်းကောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ မှတ်တမ်းများအားလည်းကောင်း လာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိမေးမြန်းခဲ့သည်များကို လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ပြခန်းတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်အား ဆက်လက်သွားရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။





