ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံ ရတနာပန္နက်တော်တင်အခမ်းအနားနှင့် ဝန်ကြီးဌာန ပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
နေပြည်တော်၊ ဇူလိုင်(၂၉)ရက်။
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ရွှေကြာပင်အားကစားကွင်း၌ RC (၂)ထပ် အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံ ရတနာပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ရွှေကြာပင် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်သစ်စံဆောက်လုပ်ရေးကုမ္ပဏီနှင့် Greeco ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်သစ်စံဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် (၄၈၀’x၆၀’) RC (၂)ထပ် အနောက်ဘက်အထူးတန်းပွဲကြည့်စင် တည်ဆောက်ခြင်းစီမံကိန်း “ ပန္နက်တော်တင်မင်္ဂလာ” အခမ်းအနားသို့ တက်ရောက်လာကြသော အကြီးအကဲများဖြစ်သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးကုမ္ပဏီတို့မှ တာဝန်ရှိသူများမှ ရတနာပန္နက်တော်တင်မည့် ပန္နက်တိုင်(၉)နေရာတို့တွင် အသီးသီးနေရာယူခြင်း၊ အခမ်းအနားမှူးက ဇယမင်္ဂလာအောင်ဂါထာကို ဖတ်ကြားခြင်း၊ အကြီး အကဲများမှ ပန္နက်တော်ဌာနတွင် ရတနာပန္နက်တော်(၉)ချက်တင်၍ အမွှေး နံ့သာရည်များပက်ဖျန်းပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ပြီး Greeco ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် (၁၈၀’x၁၅၀’) မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်းစီမံကိန်း “ ပန္နက်တော်တင်နှင့် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနား” အား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အကြီးအကဲများမှ ရတနာပန္နက်တော်တင်မည့် တိုင်(၉)နေရာတွင် အသီးသီးနေရာယူပြီး ပန္နက်တော်ဌာနများတွင် ရတနာပန္နက်တော်များကို တွင်းတော်တူး၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်း၊ အခမ်းအနားမှူးက သဗ္ဗမင်္ဂလာဂါထာကို ဖတ်ကြားခြင်း၊ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခြင်းများ ပြုလုပ်၍ ရတနာပန္နက်တော်တင်အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။





ထို့နောက် ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို နံနက်(၉)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇင်မင်းထက်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ပိုက်ကျော်ခြင်းအားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (တတိယလုပွဲ)ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ စက်မှုဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ (ဗိုလ်လုပွဲ)ပွဲစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ စတုတ္ထဆု ရရှိသည့် စက်မှုဝန်ကြီးဌာနအသင်းအား ငွေသားဆုကျပ်(၁၀)သိန်းကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း၊ တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၅)သိန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းမှလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ကျပ်သိန်း(၂၀)ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇင်မင်းထက် မှလည်းကောင်း၊ ပထဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း(၃၀)ကို စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ လည်းကောင်း၊ ပထဆုရရှိသည့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းအား တံခွန်စိုက်ဒိုင်းဆုကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံမှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။




