နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၄။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပလျက်ရှိသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တန်းခွဲများအလိုက် ကျောင်းသား/ကျောင်းသူများက အပြေးပြိုင်ပွဲများ၊ ဘော်လီဘော ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲများနှင့် စာအုပ်ရွက်ပြိုင်ပွဲများ၊ ဇကောရွက်ပြိုင်ပွဲများ၊ ခြေထောက်နှစ်ဖက်ပူးပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲ များကို အသီးသီး ယှဉ်ပြိုင်ကစားခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ တန်းခွဲများအလိုက် အားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများတွင် ပြိုင်ပွဲအမျိုးအစား ၇၈ မျိုး၌ ကျား ၃ မျိုး၊ မ ၃ မျိုး နှုန်းဖြင့် တန်းခွဲ (၁၃)တန်းမှ ကျောင်းသား/ကျောင်းသူများသည် ပျော်ပျော်ပါးပါးဖြင့် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။





