အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကြည့်ရှုအားပေး

နေပြည်တော်၊ ဇွန် (၁၂)။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ နှင့် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမှာစကားပြောကြားရာတွင် ရေကူးအားကစားနည်းသည် ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲစသည့် နိုင်ငံတကာအားကစားပြိုင်ပွဲကြီးများတွင် ပြေးခုန်ပစ်၊ အလေးမ၊ လက်ဝှေ့အားကစာနည်းများကဲ့သို့ မဖြစ်မနေထည့်သွင်းကျင်းပသည့် အားကစားနည်းတစ်ရပ်ဖြစ်ပါကြောင်း၊ ရွှေတံဆိပ်အများဆုံးချီးမြှင့်သည့် အားကစားနည်းများထဲတွင် ရေကူးအားကစားနည်းပါဝင်ပါကြောင်း၊ ထို့ပြင် အားကစားသမား တစ်ဦးတည်းက ဆုတံဆိပ်များစွာရယူပေးနိုင်သည့် အားကစားနည်းတစ်ခုအဖြစ်လည်း တွေ့ရှိရမည် ဖြစ်ပါကြောင်း။

ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် ရေကူးအားကစားနည်းကို မပျက်မကွက် ထည့်သွင်းကျင်းပပေးခဲ့ပါကြောင်း၊ ရေကူးအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ရန်အတွက် အရည်အချင်းရှိပြီး နုပျိုထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ရှိနေရန်လည်း လိုအပ်ပါကြောင်း၊ ထို့ပြင် ယခုပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများကို ကြီးကြပ်ကွပ်ကဲ လိုက်ပါလာကြသည့် အုပ်ချုပ်မှုအဖွဲ့များအနေဖြင့်လည်း မိမိတို့အသင်း အဆင့်မြင့်မြင့် ယှဉ်ပြိုင်အောင်ပွဲခံနိုင်ရေး အတွက် မိမိတို့ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းတွင် အဆင့်ဆင့်သောပြိုင်ပွဲများကျင်းပပြီး စနစ်တကျ လူရွေးချယ်ကာ အချိန်အတိုင်းအတာတစ်ခုအထိ စခန်းသွင်းလေ့ကျင့် လာရောက်ယှဉ်ပြိုင်ခြင်းမျိုး ဖြစ်အောင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။

အားကစားမောင်/မယ်များအနေဖြင့်လည်း မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့်တိုင်း ဒေသကြီးအသင်း အောင်နိုင်ရေးအတွက် မိမိတို့၏အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ် ပြသပြီး အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အနိုင်မခံအရှုံးမပေးဘဲ အကောင်းဆုံးပါဝင်ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မြန်မာ့လက်ရွေးစင်အသင်းကို အင်အားဖြည့်တင်းနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်လာစေရန် ကြိုးစားသွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားပြီး ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးရေကူးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲ ပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လူငယ်များ ရေကူးအားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် ရေကူး မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၁ သင်းနှင့် အမျိုးသမီးအသင်း ၁၁ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်