နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များမှ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ဆုများချီးမြှင့်
နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၂)ရက်။
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓီအားကစားရုံ (B) ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (၅)ဦးတွဲပြိုင်ပွဲတွင် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်အသင်းတို့မှ လည်းကောင်း၊ (၃)ဦးတွဲပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်အသင်းတို့မှလည်းကောင်း၊ (၁)ဦးချင်း ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်း တို့မှလည်းကောင်း သရုပ်ပြယှဉ်ပြိုင်မှုများကို ကြည့်ရှုခဲ့ကြပြီး အကဲဖြတ် ဒိုင်အဖွဲ့မှ စိစစ်ရွေးချယ် အကဲ ဖြတ်အမှတ်ပေးခဲ့ကြပါသည်။






ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ (၅)ဦးတွဲပြိုင်ပွဲတွင် ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုကို ကချင်ပြည်နယ်အသင်းနှင့် တတိယဆုကို ရှမ်းပြည်နယ် အသင်းတို့အား အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး မှ လည်းကောင်း၊ (၃)ဦးတွဲပြိုင်ပွဲတွင် ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုကို ကချင် ပြည်နယ်အသင်းနှင့် တတိယဆုကို ကရင်ပြည်နယ်အသင်းတို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မှလည်းကောင်း၊ (၁)ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသည့် မဇမီတန် (ကချင်ပြည် နယ်) အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်မှ လည်းကောင်း၊ ဒုတိယဆုရရှိသွားသည့် မအေးအေးစိုး (ရခိုင်ပြည်နယ်)နှင့် တတိယဆုရရှိသွားသည့် မရတနာလင်းတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒန်နီယယ်မှလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ယင်းနောက် စုစုပေါင်းရမှတ် (၂၄)မှတ်ဖြင့် တံခွန်စိုက်ဒိုင်းရရှိသွားသည့် ကချင်ပြည်နယ်အသင်း အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်မှ တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့နှင့် (၂၂) ရက်နေ့များတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓီအားကစားရုံ (B) ၌ ပြိုင်ပွဲဝင်အသင်း (၁၃) သင်း၊ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားအင်အားစုစုပေါင်း (၁၅၅) ဦး တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရပါသည်။




