ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရှမ်းပြည်နယ်အတွင်းရှိ အားကစားကွင်း/ရုံများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ဝန်ထမ်းများနှင့် သင်တန်း သား/သူများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ သြဂုတ် (၂၂)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အတွင်းရှိ ကလောမြို့နယ်နှင့် အောင်ပန်းမြို့တို့ရှိ ဘောလုံးအားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းရှိမြက်များ စိမ်းလန်းစိုပြေစေရေး၊ အားကစားရုံရေရှည်တည်တံ့စေရေး၊ သန့်ရှင်းသာယာမှုရှိစေရေးနှင့် ပြည်သူများလာရောက်လေ့ကျင့်ကစားနိုင်စေရေးတို့အတွက် တာဝန်ရှိသူများကို လိုအပ်သည်များ စီစဥ်ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည်၊ အေးသာယာမြို့နယ်ရှိ အားကစားနှင့်ကာယပညာ (သိပ္ပံ) ကျောင်းအတွင်းရှိ ရေကူးကန်၊ အမျိုးသမီးအိပ်ဆောင်၊ စာသင်ကျောင်းနှင့် လေ့ကျင့်မှုပြုလုပ်သည့် အားကစားကွင်း/အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် သင်တန်းသား/ သင်တန်းသူများ၏ နေ့လည်စာစားသုံးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်ကြီး(သိပ္ပံ)မှ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ကာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ တည်းခင်းဧည့်ခံသည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-19 ဘောလုံး (အမျိုးသမီး) ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုနှုတ်ဆက်သည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။




