ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့ကြသည့် မြန်မာနိုင်ငံကိုယ်စားပြု အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုကြိုဆို
ရန်ကုန်၊ ဩဂုတ်လ(၈) ရက်နေ့။
အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဆိုလိုမြို့၌ ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင်ရွှေတံဆိပ် (၁၄) ခု၊ ငွေတံဆိပ်(၁၂) ခု၊ ကြေးတံဆိပ်(၁၇) ခု၊ နိုင်ငံအလိုက်အဆင့်(၆)ရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု အောင်ပွဲရမြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်လှမိုး ခေါင်းဆောင်သောအားကစားအဖွဲ့သည် ယနေ့နံနက်၅နာရီခွဲက မြန်မာအမျိုးသားလေကြောင်းလိုင်းစင်းလုံးငှားလေယာဉ် ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ အားကစားသမားများနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်နှင့်တာ၀န်ရှိသူများက သောင်းသောင်းဖျဖျကြိုဆိုကြသည်။ မြန်မာမသန်စွမ်းအားကစားအဖွဲ့သည်(၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၇)ခု၊ ကြေးတံဆိပ်(၁၁)ခု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၂)ခု၊ မသန်စွမ်းဘောလုံးအားကစားနည်းမှ ကြေးတံဆိပ်(၁)ခု၊ အလေးမအားကစားနည်းမှ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု၊ မြားပစ်အားကစားနည်းမှ ကြေးတံဆိပ်(၁)ခု၊စုစုပေါင်းဆုတံဆိပ်(၄၃)ခုရရှိပြီး၊ မသန်စွမ်းဘော်လီဘောနှင့် မျက်မမြင်ဂိုးလ်ဘောအားကစားမှာ ဆုတံဆိပ်များနှင့်လွဲချော်ခဲ့ရသည်။ (၁၂)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ဇွန်လတွင် အိမ်ရှင်အဖြစ် ကမ္ဘောဒီးယားနိုင်ငံက လက်ခံကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။




