ဒီဇင်ဘာလ(ဒုတိယအပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ်
နေပြည်တော်၊ ဒီဇင်ဘာလ(၉)ရက်။
ဒီဇင်ဘာလ(ဒုတိယအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ခွန်စံလွင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်းအင်အား(၃၉၀၀)ကျော် ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။
စုပေါင်းလှုပ်ရှားဆောင်ရွက်
လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ(၁)၊(၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။
“၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်(ဒုတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲ” များကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဆောင်ရွက်လျက်ရှိပြီး လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားစေရန် ရည်ရွယ်ကြောင်း၊ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများအပြင် ဝန်ထမ်းမိသားစုဝင်များပါ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရသည်။




